Tuesday, December 29, 2015

စိတ်စိတ်အတိုင်းတိုင်းထားဝိနိစ္ဆယအပိုင်း-၅နှင့်နိဂုံးပိုင်း

အမှန်မှာ ဖော်ပြခဲ့သည့်အတိုင်း ၀ိပဿနာဉာဏ် ရင့်သန်သော ပုဂ္ဂိုလ်များ၌ မြင်အပ်သော အဆင်းကို အာရုံပြု၍ ၀ုဋ္ဌောအထိ စိတ်များသည် တပ်မက်မှုစသည် မရှိသေး မဖြစ်သေးသလို ဇောများသည်လည်း တပ်မက်မှုစသည် မရှိသော မဖြစ်သော ဇောများသာဖြစ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်။

အဘယ့်ကြောင့်ဆိုသော် အချို့သော တိက္ခာစာရ ဗလ၀၀ိပဿက ပုဂ္ဂိုလ်များ၌ စက္ခုဒွါရိက၀ီထိ စိတ်အစဉ်တွင် ဇောတိုင်အောင်ပင် မဖြစ်တော့ဘဲ ၀ုဋ္ဌောမျှလောက်သာ ဖြစ်သောကြောင့်တည်း။

ထိုစကားကို ထင်ရှားအောင် ဖော်ပြကြဦးအံ့၊
မူလပဏ္ဏာသအဋ္ဌကထာ ဒုတိယစာအုပ် စာမျက်နှာ ၁၂၉-၌ ဤသို့ ဆိုထားပေသည်။

စက္ခုဒွါရ စသည်တို့၌ အဆင်းစသော အာရုံထင်လာသောအခါ မသင့်လျော်သော နှလုံးသွင်းဆင်ခြင်မှု ပဉ္စဒွါရ၀ဇ္ဇန်း ဖြစ်လာသော်လည်း စက္ခုဝိညာဏ်စိတ်, သမ္ပိဋိစ္ဆိုင်း, သန္တီရဏစိတ်ဖြစ်၍ ၀ုဋ္ဌောစိတ် ဖြစ်လတ်သော် တစ်ကြိမ် နှစ်ကြိမ် အာသေ၀န မှီဝဲခြင်း ထုံခြင်းကိုရ၍ ဘ၀င်ကျရလေသည်။ (၀ုဋ္ဌော ၂-ကြိမ် ၃-ကြိမ် ဖြစ်သည်ကို ဆိုလိုသည်။ သင်္ဂြိုဟ်စကားအားဖြင့် ဝေါဋ္ဌဗ္ဗန၀ါရဖြစ်သည်။) တပ်မက်ခြင်းစသည် မဖြစ်တော့ပေ။ (လောဘဇောစသည် မစောတော့ပြီဟု ဆိုလိုသည်။) ဤသို့ ဖြစ်နိုင်သူမှာလည်း ထိပ်ဖျားခေါင်ထိ ရောက်နေသော တိက္ခ၀ိပဿက ပုဂ္ဂိုလ်ဖြစ်သည်။ 

(၁)၀ိပဿကပုဂ္ဂိုလ်တစ်ဦးမှာမူ ပဉ္စဒွါရ၀ဇ္ဇန်းမှစ၍ ၀ုဋ္ဌောဖြစ်ပြီးနောက် လောဘဇောစသည် ဖြစ်လေ၏။ ထိုသို့ဖြစ်သောအခါ လောဘဇော၊ သို့မဟုတ် ဒေါသဇော စောမှန်းသိပြီး ပြီးခြင်း ဘ၀င်ခြားပြီးနောက် အာရုံကို သိမ်းဆည်းရှုမှတ်သောအခါ ရာဂဇော, ဒေါသဇော မစောမူ၍ ကုသိုလ်ဝိပဿနာဇောသာ စောတော့သည်။ ဤသို့ ဖြစ်နိုင်သူမှာ အလတ်တန်းစား မဇ္ဈိမ ၀ိပဿကပုဂ္ဂိုလ်ဖြစ်သည်။

(၂)၀ိပဿနာပုဂ္ဂိုလ်တစ်ဦးမှာမူ ရှုမှတ်နေလျက်ကပင် ပထမအကြိမ် လောဘဇော၊ သို့မဟုတ် ဒေါသဇော စောလေ၏။ စောမှန်းသိပြီးနောက် ဒုတိယအကြိမ်မှာလည်း ဤနည်းတူ စောပြန်၏။ စောမှန်းသိပြီး အာရုံကို သိမ်းဆည်းသည့်အတွက် တတိယအကြိမ်မှာမူ လောဘဇော, ဒေါသဇော မစောတော့ဘဲ ကုသိုလ်ဝိပဿနာဇောသာ စောတော့သည်။ ဤသို့ ဖြစ်နိုင်သည်မှာ အနုံ့စား မန္ဒ၀ိပဿကပုဂ္ဂိုလ်ဖြစ်သည် (၃)- ဟု ပြဆိုထားပေသည်။

သင်္ခါရုပေက္ခာဉာဏ် ထက်ထက်သန်သန် ဖြစ်သောအခါ၌ (၁)နံပါတ်ပုဂ္ဂိုလ်ကဲ့သို့ မုန်းဖွယ်, ချစ်ဖွယ် အာရုံထင်ထင်ခြင်းပင် ပထမ၀ီထိ၌ ဇောဆိတ်ပြီး အာရုံမထင်ရှားသဖြင့် ဒုတိယမနောဒွါရ၀ီထိ၌ မယုတ်မလွန် ညီမျှစေသော တတြမဇ္ဈတ္တုပေက္ခာ ထင်ရှားလျက် ရှုမှတ်မှု ၀ိပဿနာဇောများသာ ငြိမ်သက်စွာ ဖြစ်ကြသောကြောင့် ပုထုဇဉ်ပုဂ္ဂိုလ်ပင် ဖြစ်သော်လည်း ၀ိပဿနာရှု၍ ဤအခြေအနေ ရောက်လာသောအခါ ရဟန္တာကဲ့သို့ပင် ဆဋ္ဌင်္ဂုပေက္ခာနှင့် ပြည့်စုံနေသူဖြစ
သည်။

ဤအကြောင်းကို ပဉ္စင်္ဂုတ္တရပါဠိ တိကဏ္ဍကီဝဂ် (နှာ-၁၅၀ ) စတုတ္ထ၀ဂ်၏ ပဉ္စမ၀ါရ၌-
ရဟန်းတို့ ... ရဟန်းသည် ရံဖန်ရံခါ၌ မုန်းဖွယ်, ချစ်ဖွယ် ၂-မျိုးလုံးကိုကြဉ်၍ အမှတ်ရလျက် သိလျက် (သတိသမ္ပဇဉ်နှင့် ပြည့်စုံလျက်) အမျှရှုနေရာ၏- ဟု ဟောတော်မူခဲ့ပေသည်။
ယင်း အင်္ဂုတ္တရအဋ္ဌကထာ တတိယအုပ် စာမျက်နှာ ၅၂-၌ "ပဉ္စမ၀ါရကို ဆဋ္ဌင်္ဂုပေက္ခာ၏ အစွမ်းဖြင့် ဟောတော်မူအပ်သည်။ ဤ ဆဋ္ဌင်္ဂုပေက္ခာဆိုသည်မှာလည်း ရဟန္တာပုဂ္ဂိုလ်၏ ဥပေက္ခာနှင့် တူသော ဥပေက္ခာသာဖြစ်သည်။ ရဟန္တာ၏ ဥပေက္ခာကားမဟုတ်။ ဤသုတ်၌ ငါးဌာနတို့မှာ ၀ိပဿနာကိုသာ ဟောတော်မူအပ်၏။ ထိုဝိပဿနာကို အားထုတ်စပြုခဲ့ပြီး၍ ဥဒယဗ္ဗယဉာဏ် စသည်နှင့်ပြည့်စုံသော အာရဒ္ဓ၀ိပဿက ပုဂ္ဂိုလ်သည် ပြုခြင်းငှာ စွမ်းနိုင်ပေသည်" ဟု ဖွင့်ဆိုတော်မူသည်။

ထို့ပြင် မူလပဏ္ဏာသအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ-၁၃၀၊ မဟာဟတ္ထိပဒေါပမသုတ် အဖွင့်၌လည်း ဤနည်းတူပင် ဖွင့်ဆိုထားလေ
သည်။

ဤသို့ နည်းလမ်းမှန်ကန်စွာ ၀ိပဿနာ ရှုမှတ်ပွားများသဖြင့် ၀ိပဿနာဉာဏ် ရင့်သန်သောအခါ အထူးအားဖြင့် သင်္ခါရုပေက္ခာဉာဏ် ထက်ထက်သန်သန် ဖြစ်လာသောအခါ၌ ယင်းဉာဏ်နှင့်ပြည့်စုံသော အာရဒ္ဓ၀ိပဿကပုဂ္ဂိုလ်၏ နှစ်လိုဖွယ်အာရုံ, မနှစ်လိုဖွယ်အာရုံ, နှစ်လိုဖွယ်လည်း မဟုတ် မနှစ်လိုဖွယ်လည်း မဟုတ်သော အာရုံတို့၌ မုန်းခြင်း, ချစ်ခြင်း, တွေဝေခြင်း မရှိမူ၍ ဥပေက္ခာအဖြစ် ထားနိုင်ခြင်းကို ရည်ရွယ်၍သာ ဥပရိပဏ္ဏာသပါဠိတော် စာမျက်နှာ-၄၃၇၊ ဣန္ဒြိယဘာဝနာသုတ်ကို မြတ်စွာဘုရားဟောကြားတော်မူခဲ့လေသည်။ 

ထို့ကြောင့် ဤဣန္ဒြိယဘာဝနာသုတ် ပါဠိတော်အရ၎င်း,
ယဒိဒံ ဥပေက္ခာတိ ယာ သော ၀ိပဿနုပေက္ခာ နာမ၊ သော သန္တာ ဧသာ ပဏီတာ၊ အတပ္ပိကာတိ အတ္တော၊ ဣတိ အယံ ဘိက္ခု စက္ခုဒွါရေ ရူပါရမ္မဏမှိ ဣဋ္ဌေ အာရမ္မဏေ မနာပံ, အနိဋ္ဌေ အမနာပံ, မဇ္ဈတ္တေ မနာပါမနာပဉ္စ စိတ္တံ၊ တဿ ရဇ္ဇိတုံ ၀ါ ဒုဿိတုံ ၀ါ မယှိတုံ ၀ါ အဒတွာဝ ပရိဂ္ဂဟေတွာ ၀ိပဿနံ မဇ္ဈတ္တေ ဌပေတိ-
ဟု ဖွင့်ပြအပ်သော ယင်း ဣန္ဒြိယဘာဝနာသုတ်အဖွင့် ဥပရိပဏ္ဏာသ အဋ္ဌကထာ စာမျက်နှာ ၂၅၁-အရ၎င်း,
ကျောက်သင်္ဘောဝါဒီတို့၏ "အတိုင်းတိုင်းထား" ကျောက်သင်္ဘောဝါဒကို ၀ိနည်းဓိုရ်ဆရာတော်များက တညီတညွတ်တည်း ပယ်တော်မူကြသည်။


မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပုံ
--------------------------------
ဖော်ပြအပ်ပြီးသည်နှင့်အညီ သင်္ခါရုပေက္ခာဉာဏ် ထက်ထက်သန်သန် ဖြစ်လာသောအခါ မဂ်ဖိုလ်ရထိုက်သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်လျှင် သင်္ခါရုပေက္ခာဉာဏ်မှ ဆက်လက်၍-
ဘ၀င်, မနောဒွါရာဝဇ္ဇန်း, ပရိကံဇော, ဥပစာဇော, အနုလုံဇော, ဂေါတြဘူဇော, မဂ်ဇော (တစ်ကြိမ်), ဖိုလ်ဇော, ဖိုလ်ဇော, ဘ၀င်-
ဟု မဂ္ဂ၀ီထိဖြစ်လျက် မဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မြင်ရတော့သည်၊ မျက်မှောက်ပြရြတော့သည်။ အချို့ပုဂ္ဂိုလ်၌ ပရိကံဇော မပါသည်ဖြစ်၍ ဖိုလ်ဇော သုံးကြိမ် ဖြစ်သည်။ စ စဦး ရသော သောတာပတ္တိမဂ်၏ ရှေ့၌ ကပ်လျက်ဖြစ်သော ဇောကို ဂေါတြဘူဇောဟု နာမည်တပ်၍ အထက်မဂ်တို့၏ ရှေ့၌ကပ်လျက် ဖြစ်သောဇောကို ဝေါဒါန်ဟု နာမည်တပ်တော်မူကြသည်။

ဘုရားရှင်ကလည်း "ဂေါတြဘူ မဂ္ဂဿ ဝေါဒါနံ မဂ္ဂဿ အနန္တရပစ္စယေန ပစ္စယော" ဟုပင် အမည်နှစ်မျိုးဖြင့် ဟောတော်မူခဲ့ပေသည်။
အာဝဇ္ဇန်းတစ်ခုတည်းရှိသော ဇော ၇-ကြိမ်တို့ ဖြစ်ကြရာ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ (ဝေါဒါန်) ဇောတို့မှာ လောကီကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇောများဖြစ်ကြ၍ မဂ်ဖိုလ်ဇောတို့မှာ လောကုတ္တရာဇောများ ဖြစ်ကြသည်။

ထိုတွင်လည်း ပရိကံ, ဥပစာ, အနုလုံ ဇောများမှာ သင်္ခါရတရားကို အာရုံဉပ၍ ဂေါတြဘူ ဝေါဒါန်ဇောတို့မှာ နိဗ္ဗာန်ကို အာရုံပြုကြသည်။ ဘုံအားဖြင့်တူ၍ အာရုံအားဖြင့် ကွဲပြားသော ဇောများဖြစ်ကြသည်။ ဤသို့ စိတ်အစဉ် တတန်းတည်း တဆက်တည်းç အာဝဇ္ဇန်းလည်း တစ်ခုတည်းဖြစ်ပါလျက် လောကီဇော အချင်းချင်းပင် အာရုံမတူကြသည်ကို သတိပြုကြရာသည်။ ဂေါတြဘူ ဝေါဒါန်ဇောနှင့် မဂ်ဇော ဖိုလ်ဇောများသည် အာရုံတူ၍ ဘုံကွဲပြားကြသည်။ မဂ်ဇောနှင့် ဖိုလ်ဇောတို့မှာ ဘုံတူ အာရုံတူများဖြစ်ကြ
သည်။

ဤသို့ သင်္ခါရတရားတို့ကို သုံးသပ်ရှုမှတ်နေရင်းက ဆက်လက်၍ မဂ္ဂ၀ီထိဖြစ်လျက် ဂေါတြဘူ ဝေါဒါန် မဂ်စိတ် ဖိုလ်စိတ်တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြုသွားပုံ, မျက်မှောက်ပြု သိမြင်သွားပုံကို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားခဲ့သော စကားတော်လည်း မဇ္ဈိမပဏ္ဏာသပါဠိတော် (နှာ-၉၉) မဟာမာလုကျပုတ္တသုတ်၊ န၀င်္ဂုတ္တရပါဠိတော် (နှာ-၂၂၀) မဟာဝဂ် ပဉ္စမသုတ် စသည်တို့၌ လာရှိပေသည်။ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ (ဒုတွဲ စာမျက်နှာ-၃၁၃)နှင့် ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ စသည်တို့၌လည်း လာရှိပေသည်။
အထူးအားဖြင့် မိလိန္ဒပဥှာပါဠိတော် (စာမျက်နှာ ၃၁၁)၌ အတိအလင်းပင် လာရှိပေသည်။
တဿ တံ ၀ိတ္တံ အပရာပရံ မနသိကရောတော် ပ၀တ္တံ သမတိက္ကမိတွာ အပ္ပ၀တ္တံ သြက္ကမတိ၊ အပ္ပ၀တ္တမနုပ္ပတ္တောမဟာရာဇ သမ္မာပဋိပန္နော "နိဗ္ဗာနံ သစ္ဆိကရောတီ" တိ ၀ုစ္စတိ။
အပရာပရံ၊ ရှုမှတ်မှု အဆင့်ဆင့် အဆက်ဆက်။ မနသိကရောတော၊ နှလုံးသွင်းရှုလျက်သိနေသော။ တဿ၊ ထိုအာရဒ္ဓ၀ိပဿကပုဂ္ဂိုလ်၏။ တံစိတ္တံ၊ ထိုရှုလျက်သိနေသောစိတ်သည် (အပရာပရံ၊ အစဉ်မပြတ် တရစပ်။ မနသိကရောတော၊ ရှုလျက်သိနေစဉ်မှာပင်)။ ပ၀တ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်ကို။ သမတိက္ကမိတွာ၊ ကျော်လွန်၍။ အပ္ပ၀တ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်၏ ဆန့်ကျင်ဘက်သဘောသို့။

ဝါ၊ မပြတ်ဖြစ်နေသော
ရုပ်နာမ်အလျဉ် ပြတ်စဲလျက် ရုပ်နာမ်ချုပ်ငြိမ်းခြင်းသဘောသို့။ သြက္ကမတိ၊ သက်ဝင်လေ၏၊ မဟာရာဇ၊ မိလိန္ဒမင်းကြီး။ သမ္မာပဋိပန္နော၊ မြင်ရုံမျှ စသည်ဖြစ်အောင် မမေ့မလျော့ မပြတ်ရှုသိလျက် မှန်ကန်စွာ ကျင့်ခဲ့သည်ဖြစ်၍။ အပ္ပ၀တ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်၏ ပြတ်စဲလျက် ရုပ်နာမ်ချုပ်ငြိမ်းခြင်းသဘောသို့။ အနုပ္ပတ္တော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အသိဉာဏ်ဖြင့် ဆိုက်ရောက်သွားသော ပုဂ္ဂိုလ်ကို။ နိဗ္ဗာနံ သစ္ဆိကရောတီတိ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟူ၍။ ၀ါ၊ နိဗ္ဗာန်ကို မျက်မှောက်ပြု
သွားသူဟူ၍။ ၀ုစ္ဆတိ၊ မုချဆတ်ဆတ် ပြောဆိုအပ်ပေ၏။

ဤသို့ နိဗ္ဗာန်ကို မျက်မှောက်ဉပလျက် မဂ်လေးပါးအစဉ်ဖြင့် ပယ်သင့် ပယ်ထိုက်သော အနုသယကိလေသာတို့ကို သမုစ္ဆေဒသတ္တိဖြင့် ပယ်သတ်သွားသည်ဖြစ်၍ မြင်အပ်သော အဆင်းအာရုံစသည်တို့၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ကပ်ငြိစွဲလမ်းခြင်း မရှိတော့သည်ကို၎င်းင်း၊ အရဟတ္တမဂ်ဖိုလ်သို့ ရောက်ပြီးနောက် ပရိနိဗ္ဗာနစုတိဖြင့် ကိလေသာမှာ
ကြွင်းကျန်ရစ်သော လက်ရှိ ရုပ်နာမ် ခန္ဓာအားလုံး အဆုံးသတ် ပျက်စီးပြီးနောက် မည်သည့်ဘုံဘ၀မှာမှ ပဋိသန္ဓေနေခြင်းဖြင့် ရုပ်နာမ်ခန္ဓာ မဖြစ်တော့သည်ကို၎င်း ရှေ့ပိုင်းက ပြခဲ့သော အမှတ် ၂- ၃-၄ ဗာဟိယသုတ် အဋ္ဌကထာ မှတ်ချက်တို့ဖြင့် ပြအပ်ပေသည်။
"မိမိ၏ ရုပ်နာမ် ခန္ဓာ၌ အနိစ္စလက္ခဏာ စသည် ထင်အောင် ၀ိပဿနာရှုပွားနိုင်မှ နိဗ္ဗာန်ကို မြင်နိုင်သည်"ဟု ၀ိနည်းဓိုရ်ဆရာတော်များ ဆိုလိုရင်းကို သတိချပ်ကြစေလိုသည်။

အထူးဖော်ပြချက်
-----------------
နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသော ပုဂ္ဂိုလ်တို့သည် အမျိုးမျိုးရှိကြ၏။ ဒွါရခြောက်ပါး၌ ပေါ်လာသမျှ ရုပ်နာမ်တရားတို့ကို မလစ်မလပ်စေဘဲ မပြတ်ရှုမှတ်နေကြရာ မြင်မှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း နိဗ္ဗာန်ကို မျက်မှောက်ဉပသွားသူလည်း ရှိ၏။ ကြားမှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း နိဗ္ဗာန်ကို မျက်မှောက်ဉပသွားသူလည်း ရှိ၏။ ဤသို့ စသည်ဖြင့် ဒွါရခြောက်ဖုံ အာရုံခြောက်မျိုး အသီးအသီး ထင်လာစဉ် ရှုမှတ်လျက် နိဗ္ဗာန်ကို မျက်မှောက်ပြုပြုသွားကြရာတွင်-
မြင်မှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း နိဗ္ဗာန်အာရုံပြုသွားသော ပုဂ္ဂိုလ်များကို ရည်ရွယ်၍ သဠာယတနသံယုတ်ပါဠိတော် (၃၁၇)၌-
တသ္မာ တိဟ ဘိက္ခဝေ သေ အာယတနေ ဝေဒိတဗ္ဗေ၊ ယတ္ထ စက္ခု စ နိရုဇ္ဈတိ ရူပသညာ စ နိရုဇ္ဈတိ သေ အာယတနေ ဝေဒိတဗ္ဗေ။

မျက်စိနှင့် အဆင်း မှတ်သားမှု ရူပသညာချုပ်ရာ နိဗ္ဗာန်ကို သိရမည်၊ သိအောင် အားထုတ်ရမည် စသည်ဖြင့် ဒွါရခြောက်ပါး, အာရုံခြောက်မျိုးချုပ်ရာကို ဟောကြားအပ်ပေသည်။ "ယမှိ နိရုဇ္ဈတိ ဘ၀ါနိ"ဟု ဟောတော်မူသကဲ့သို့ ချုပ်ရာဟု ဟောသည်ဟု ယူရပေမည်။
မြင်မှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း, ရှုမှတ်ပြီးလျှင် ပြီးချင်း နိဗ္ဗာန်မျက်မှောက်ပြုသွားသူအား စက္ခု နှင့် ရူပသညာ ချုပ်ငြိမ်းကင်းဆိတ်ခြင်းသဘောသည် အထူးအားဖြင့် ထင်ရှားပေသည်။ ထို့ကြောင့် "ထိုပုဂ္ဂိုလ် သိအပ်သည့် နိဗ္ဗာန်ကို စက္ခု နှင့် ရူပသညာဟူသော အာယတနနှစ်ပါး ချုပ်ခြင်းဖြင့်
အထူးပြု၍ဟောဖော်ပြသည်"ဟု ယူရပေမည်။ အမှန်အားဖြင့် မဂ်ဖိုလ်ဖြင့် သိအပ်သော ထိုနိဗ္ဗာန်၌ သင်္ခါရ အားလုံး ငြိမ်းမှုသည် ထင်ရှားသည် ဖြစ်သည်သာဖြစ်၏။
ထို့ကြောင့် ဥပရိပဏ္ဏာသအဋ္ဌကထာ ပဉ္စတ္တယသုတ် အဖွင့် (၁၇)၌-
ယတ္ထ စက္ခု စ နိရုဇ္ဈတိ ရူပသညာ စ နိရုဇ္ဈတိ သေ အာယတနေ ဝေဒိတဗ္ဗေတိ ဧတ္ထ ဒွိန္နံ အာယတနာနံ ပဋိပက္ဗေပေန နိဗ္ဗာနံ ဒဿိတံ-
ဟု ဖွင့်ဆိုအပ်ပေသည်။ ကြားမှုဆိုင်ရာ စသည်ကို ရှုမှတ်ပြီး နိဗ္ဗာန်မျက်မှောက်ပြုရာတို့၌လည်း ဤနည်းပင် မှတ်ယူသင့်ပေသည်
ထိုမှတပါး မဟာသတိပဋ္ဌာနသုတ် သမုဒယနိရောဓ သစ္စာပိုင်း၌ "စက္ခု လောကေ ပိယရူပံ သာတရူပံ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ" စသည်ဖြင့်၎င်းင်း ဟောတော်မူရာ၌လည်း ပြဆိုအပ်သည့်အတိုင်း ဘုရားရှင်၏ အလိုတော်နှင့် ညီညွတ် မှန်ကန်သော ယူဆယုံကြည်မှုတို့ကို ဖြစ်ကြစေကုန်ရာ၏
ဖော်ပြခဲ့သော မဂ္ဂ၀ီထိအစဉ်တွင် ဂေါတြဘူ ဝေါဒါန်အသိဉာဏ်တို့သည် နိဗ္ဗာန်ကို အာရုံပြုနိုင်သော်လည်း ကိလေသာ ပယ်မှုကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်ကြ။ မဂ်ဉာဏ်တို့ကသာ ကိလေသာပယ်မှုကိစ္စကို ပြုစွမ်းနိုင်ကြသောကြောင့် ဉာဏဒဿန ၀ိသုဒ္ဓိအမည်ကို ရကြလေသည်။ ယင်းမဂ်ဉာဏ်သည် မိမိဖြစ်ရာ ပုဂ္ဂိုလ်နှင့်ဆိုင်သော ဖြစ်ထိုက်သည့် အနုသယကိလေသာ, ကံနှင့် အကျိုးခန္ဓာတို့ကို မဖြစ်သောငြိမ်းမှု မဖြစ်ရဘဲငြိမ်းမှု (အနုပ္ပါဒနိရောဓ) ဖြင့် ငြိမ်းစေသည်။ ယင်း မဂ္ဂ၀ီထိ မဂ်ဉာဏ်နှင့် ဖိုလ်ဉာဏ် အခိုက်၌သာ ငြိမ်းမှု နိဗ္ဗာန်ကို မြင်ရသည်။ နောင် ဖလသမာပတ်ဝင်စားစဉ်အချိန်၌လည်း ဖလသမာပတ်မှ မထမချင်း ဆိုင်ရာဖိုလ်စိတ်နှင့် အလားတူဖိုလ်စိတ် တစ်ခုပြီးတစ်ခု အဆက်ဆက် ဖြစ်လျက် နိဗ္ဗာန်ကိုသာ အာရုံပြုနေတော့သည်။
ထို့ကြောင့် "မိမိတို့စိတ်မှာ ပကတိအတိုင်း အေးနေတာ၊ ငြိမ်း၍နေတာ အဲဒါ နိဗ္ဗာန်ဗျ" အစရှိသဖြင့် ကျောက်သင်္ဘော ဆရာတော် ဟောပြောခဲ့သော နိဗ္ဗာန်, ကျောက်သင်္ဘောဆရာတော်၏ သိဿာနုသိဿတို့ ဆက်လက် ဟောပြောအပ်သော နိဗ္ဗာန်သည် မြတ်စွာဘုရားဟောခဲ့သော နိဗ္ဗာန်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိသော နိဗ္ဗာန်ç ဘုရားရှင်၏ အဆုံးအမ သာသနာပြင်ပမှ အတ္တနောမတိမျှဖြင့် ကြံဆ ပြောဆိုအပ်သော နိဗ္ဗာန်သာ ဖြစ်သည်ဟု၎င်း-
ကျောက်သင်္ဘောဆရာတော်နှင့် နောက်လိုက် နောက်ပါ တပည့်ဆိုသူဟူသမျှတို့ ဟောပြောသမျှ "စိတ် အတိုင်းတိုင်းနေ၊ စိတ်အတိုင်းတိုင်းထား၊ စိတ်အတိုင်းတိုင်းထားကျင့်" ဟူသော အကျင့်သည်လည်း ကျောက်သင်္ဘောဝါဒီတို့၏ နိဗ္ဗာန်နှင့်လျော်ကန်သော ကျင့်စဉ်ဖြစ်နိုင်သော်လည်း ယခုလက်ရှိ သာသနာတော်ကြီးကို ပြုစုပျိုးထောင်တော်မူခဲ့သော သမ္မသမ္ဗုဒ္ဓ အတုလ ဇိန အာဒိစ္စဗန္ဓု စရှုများဖြင့် ဂုဏ်တော်သခင်
 သဗ္ဗညုဘုရားရှင်နှင့်
ဂင်္ဂါဝါလု သဲစုမက ပွင့်ကြသောင်းသောင်း ဘုရားရှင်အပေါင်းတို့၏ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဋိပတ် လမ်းကောင်းလမ်းမြတ်နှင့် မည်သို့မျှ ဆက်စပ်ခြင်းမရှိသောအကျင့်, ဘုရားရှင်၏ ကိုယ်စား ဓမ္မက္ခန္ဓာ သာသနာမှပြင်ပ အတ္တနောမတိမျှဖြင့် ကြံဆ ပြောဆိုသောအကျင့် ဖြစ်သည်ဟု၎င်း သီးခြားဝိနည်းဓိုရ်ဆရာတော်များက ယူတော်မူကြသည်။

ထိုမှတပါး ယင်းသို့ အတ္တနောမတိမျှဖြင့် ယူဆပြောဆိုရေးသားဖြန့်ချီမှုသည် သဒ္ဓါတရားနည်းသူç မရှိသူç လုံ့လ၀ီရိယကို အားမကိုးသူç အယူဖောက်ပြန်သူများအား မြှောက်စားအားပေးရာရောက်သဖြင့် ယင်းပုဂ္ဂိုလ်တို့၏ သံသရာဝဲဂယက်ကို နက်သည်ထက်နက်အောင် ဉပပေးနေရာရောက်သည့်အပြင် ဗုဒ္ဓဘာသာအခြေခံနည်းပါးသူတို့ကို ဗုဒ္ဓသာသနာ ဘာသာရေးကိစ္စ၌ အသိဉာဏ်ရှုပ်ထွေး တွေဝေစေရာ ရောက်သည်ဟု၎င်း၊

အဓိဂတော ခေါ မျာယံ ဂမ္ဘီရော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော ။ပ။ ဣဒမ္ပိ ခါ ဌာနံ သုဒုဒ္ဒသံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှာက္ခယော ၀ိရာဂေါ နိရောဓော နိဗ္ဗာနံ (၀ိ-၃။၇)
စသည်ဖြင့် နိဗ္ဗာန်၏ နက်နဲပုံကို ဟောကြားတော်မူသော-

ချစ်သားရဟန်းတို့ ငါဘုရားသည် ဖြည့်စွက် ဖာထေးဖွယ်ရာမရှိ တိကျကောင်းမွန်စွာ ဟောထားအပ်ပြီ။ မရသေးသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ရောက်နိုင်ရန် အင်္ဂါလေးတန် ၀ီရိယထက်သန်စွာဖြင့် အားထုတ်ကြကုန်လော့။
ငါဘုရားသာသနာတွင်း၌ ပျင်းရိသူသည် ဆင်းရဲစွာ နေရသည်။ ငါဘုရားသာသနာမှ တပါးတခြားသော ပုဂ္ဂိုလ်တို့၏ အဆုံးအမသာသနာ၌ ပျင်းရိသူသည် ချမ်းသာစွာ နေရသည်။ သင်ချစ်သားတို့လည်း မရသေးသော တရားထူးကို ရကြရလေအောင်, သင်ချစ်သားတို့အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းသူ ဒကာ, ဒကာမတို့မှာလည်း အကျိုးများကြရလေအောင် ဝကိးစား အားထုတ်ကြကုန်လော့-ဟု (သံ၊ ၂။ ၂၆၆-၇) တရားအားထုတ်ရေးကို အားပေးတိုက်တွန်းခဲ့တော်မူသော မြတ်စွာဘုရားကိုလည်း တော်လှန်ပုန်ကန်ရာ ရောက်သည်ဟု၎င်း၊
အမှန်တရားမဟုတ်သည်ကို အမှန်တရားအဟုတ်လုပ်၍, မြတ်စွာဘုရားမဟောသည်ကို အဟောလုပ်၍ ပြောဆိုရေးသား ဖြန့်ချီခဲ့ကြသည်ဖြစ်သောကြောင့် ရဟန်း ရှင် လူသာမက နတ်ဗြဟ္မာအ၀၀တို့၏ အဟိတပဋိပန္န= စီးပွားမဲ့အောင် ဆင်းရဲပွားအောင် လုပ်ဆောင်ရာရောက်သည့်အပြင် မြတ်စွာဘုရား၏ သဒ္ဓမ္မသုံးဖြာ သာသနာကို ကွယ်ပအောင် လုပ်ရာရောက်သည်ဟု၎င်း သီးခြားဝိနည်းဓိုရ်ဆရာတော်များက စိစစ်သုံးသပ်တော်မူကြပေသည်။
အကျဉ်းချုပ်
-----------
မြတ်စွာဘုရား၏ နိဗ္ဗာန်သည် စစ်မှန်သသော နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားကို ကျင့်သူမှသာ မြင်နိုင် သိနိုင်သော နိဗ္ဗာန်, ဆင်းရဲငြိမ်းမှု နိဗ္ဗာန်ဖြစ်သည်။ ယင်း စစ်မှန်သော နိဗ္ဗာန်ကို မြင်နိုင် သိနိုင်ရန် မှန်ကန်သော ကျင့်စဉ်နည်းလမ်း ရှိသည်။ ယင်း ကျင့်စဉ်နည်းလမ်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောပြခဲ့သည်။
ကျောက်သင်္ဘောဝါဒီတို့၏ နိဗ္ဗာန်ကား- စိတ်ကူး နိဗ္ဗာန်မျှသာဖြစ်သည်။ ယင်း စိတ်ကူး နိဗ္ဗာန် မြင်နိုင်ကြောင်းကား "စိတ်-စိတ်အတိုင်းတိုင်းထား" ဖြစ်သည်။
------------------------------------------
ဤတွင်ပြီး၏။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့
အဓမ္မဝါဒများအားသတိပြုဆင်ခြင်ရာ၏
"ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု"
(Aung AungZaw)

No comments:

Post a Comment